Monday, April 28, 2008

ချစ်မိသောကြောင့်



အိပ်ဆေးမရှိတဲ့

အိပ်ပျက်ညတွေထဲမှာ
မင်းအကြောင်းကစိုးမိုး
နာကျင်ပေမယ့်
ငါကျေနပ်နေခဲ့မိတယ် .....

ရင်နာပေမယ့်
မထုတ်ပါယ်ရက်ပါဘူး
ပိုင်ဆိုင်ခွင့်မရှိရင်လည်း
အဝေးကကြည့်နေရုံနဲ့
ငါကျေနပ်နေခဲ့မိတယ် .........

သူစိမ်းတယောက်လို
မင်းရဲ့အကြည့်တွေက
နှလုံးသားတခုလုံးကို
တစဆီထိုးစွချေမွနေပေမယ့်
ရင်နာစွာနဲ့ပဲ ငါ
ဆက်ပြီးကျေနပ်နေပါဦးမယ် ချစ်သူ ......

Friday, April 18, 2008

အလွမ်းဇတ်သိမ်းလေး

တူးပို့ တူးပို့ ... ကစို့
ဆိုင်းသံဗုံသံတွေလည်းတိတ်သွားခဲ့ပြီ
အတာကူးတဲ့တန်ခူးနေ့ရက်လေးလည်း
တရစ်ရစ်နဲ့ကုန်ဆုံးခဲ့ရပြီ
သံဇဉ်တွေနဲ့ တက်ကြွခဲ့ရတဲ့
ဒီရင်ဘတ်အစုံက နှလုံးခုံသံလေးတွေလည်း
တဖန်ပြန်လည်တိတ်ဆိတ်လို့
အော်အခုတော့လည်း ဘာမှမဟုတ်တော့သလိုပါပဲ။

တဆာဆာအော်နေတဲ့ ပုဇင်းရင်ကွဲလေးတွေ
အပြိုင်အဆိုင်ပွင့်ဖူးခဲ့တဲ့ ငုဝါလေးတွေ
ဟိုတဆိုင် ဒီတဆိုင်သာတောက်ပခဲ့တဲ့
ပိတောက်ဝါလေးတွေလည်း
အခုတော့လည်း သူ့အချိန်လွန်လို့
သူတိတ်တဆိတ်နဲ့ပြီးဆုံးသွားခဲ့ပြီပဲ။

တကယ်တမ်းမပြီးဆုံးခဲ့တာက
အမှတ်တမဲ့ဆုံဆည်းခဲ့ပြီး
အမှတ်တရတွေပေးသွားခဲ့ခြင်း
အမှတ်တရတွေပေးပြီးကာမှ
အမှတ်မထင်ပျောက်ကွယ်သွားသူ
နောက်ဆုံးတော့လည်း
မစရသေးတဲ့ဒီဇတ်လမ်း
အလွမ်းနဲ့ပဲဇတ်သိမ်းခဲ့ရတယ်။



Thursday, April 10, 2008

ကွယ်လွန်သူဖေဖေအတွက်


အဖေ ....
ပတ်ဝန်းကျင်ကပြောနေတဲ့သတင်း
အတည်ပြုလိုက်ရတဲ့ အဖြစ်မှန်
တကယ်ထွက်ခွာသွားခဲ့ချိန်
နူတ်ဆက်ချိန်တောင်မရခဲ့ဘူးနော် .....

ခေတ်စနစ်ဆိုးအောက်က
သမီးတို့ရဲ့မြန်မာပြည်အတွက်
တနေရာတဒေါင့်ဒေါင့်ကနေ
လှုပ်ရှားနေသူ သမီးဖြစ်မှန်း
အဖေထွက်ခွာသွားချိန်ထိ
မသိလိုက်ခဲ့ဘူး မဟုတ်လား အဖေ .....

သမီးပြန်ခဲ့မယ် နှောက်နှစ်နွေရာသီ
ကတိတခုမဟုတ်ပေမယ့်
အိမ်အပြန်မျှော်နေမဲ့ အဖေတယောက်
ရေတွက်လို့မကုန်နိုင်တဲ့ ဒီနွေရက်တွေ
အဖေတယောက် မုန်းနေခဲ့မှာလား .....

“အဖေ့ရင်တံခါး သမီးလေးအတွက်ထာဝရဖွင့်လျှက်”
အဖေ့ရဲ့နောက်ဆုံးစာတိုလေးတကြောင်း
သမီးလေးရဲ့ ဒိုင်ယာရီထဲ ရှိနေဆဲပါ အဖေ .....

နိုင်ငံလွတ်လပ်ရေးရချိန်
အဖေ့ရင်တံခါးပြန်လာခေါက်မယ်စိတ်ကူး
အဖေတယောက် ထွက်သွားတော့လည်း
သမီးကိုတောင်နူတ်မဆက်ခဲ့ဘူး
အပြီးအပိုင်ဆိုတဲ့စာသား
သမီးရွတ်မဆိုချင်တော့ဘူး အဖေ.....

အရောက်မလာနိုင်ခဲ့တဲ့ အဖေ့ရဲ့ဈာပနာ
အဝေးကလည်း မငိုချင်ပါဘူးအဖေ
မိဘကျေးဇူးဆပ်ဖို့ တာဝန်မကျေနိုင်ခဲ့ပေမဲ့
သမီးရဲ့ လက်ရှိလုပ်ရပ်တခုအတွက်
အဝေးတနေရာကပဲ
ဂုဏ်ယူပေးပါတော့ အဖေရယ် .....

“2007 နိုဝင်ဘာမှာကွယ်လွန်သွားသော ကြယ်စင်လေးရဲ့  ဖေဖေအတွက် ”

လမ်းခွဲစကားမဆိုကြေး


တို့နှစ်ယောက်ရဲ့ယုံကြည်ချက်
အိပ်မက်များရှိရာအရပ်ဆီ
အရောက်လှမ်းနိုင်ဖို့
ရှေ့ဆက်အခက်အခဲပေါင်းများစွာ
စွန့်စားရင်ဆိုင်ကျော်ဖြတ်သွားနိုင်ဖို့
တို့လက်ကို ထာဝရတွဲထားပေးပါ ချစ်သူ ....

ဒီခရီးမရောက်ခင်အချိန်လေး
တွဲထားတဲ့လက်တွေ မဖြုတ်ကြေး
မထားခဲ့ကြေးပါ ချစ်သူ .....

တို့လျောက်ရမဲ့လမ်း
လမ်းခွဲလေးတခုဖြစ်သွားခဲ့ရင်တော့
ပြန်မဆုံနိုင်တာသေချာသွားပြီမို့
ဘယ်တော့မှမဝေးနိုင်တဲ့ချစ်ခြင်းတခု
နှစ်ယောက်အတူရစ်ပတ်လို့
လမ်းခွဲစကားမဆိုကြေးပါ ချစ်သူ .....

တိုက်ဆိုင်မှုတခုကြောင့်သာဖြစ်ခဲ့ရင်


ရက်စက်ဖို့ မစဉ်းစား
မုန်းမေ့လိုက်ဖို့မတွေး
တကယ်မြတ်နိုးနေရင်းနဲ့
တိုက်ဆိုင်မှုတခုကြောင့်
ကံကြမ္မာက တို့နှစ်ယောက်ကိုခွဲ
တို့တွေတကယ်ဝေးခဲ့ကြရင် ......

တို့နှစ်ယောက်ရဲ့ချစ်ခဲ့ဖူးတဲ့
အချိန်လေးတခုကို
ပြန်လည်အမှတ်ရပေးပါ ချစ်သူ .....

တို့နှစ်ယောက်ပြောခဲ့ဖူးတဲ့
စကားလေးတစုကိုတော့
ပြန်လည်တမ်းတပေးပါ ချစ်သူ ....

တို့နှစ်ယောက်ပေးခဲ့ဖူးတဲ့
အနမ်းလေးများအတွက်တော့
ပြန်လည်လွမ်းဆွတ်ပေးပါ ချစ်သူ ....

တိုက်ဆိုင်မှုတခုရှိခဲ့ရင်တော့
တို့နှစ်ယောက်စပ်ဆိုခဲ့တဲ့
ကဗျာလေးတပုဒ်ကိုတော့
ပြန်လည်ရွတ်ဆိုပေးပါ ချစ်သူ ....

အတိတ်အချိန်ကိုပြန်ပြီးလွမ်းမိချိန်တိုင်း
ချစ်ခဲ့ရတဲ့တို့နှစ်ယောက်ရဲ့ချစ်ခြင်း
တခဏလောက်တော့
ပြန်စဉ်းစားပေးလှည့်ပါ ချစ်သူ .....


မောင်


မောင် ....
တယောက်တည်းရှိနေချိန်တိုင်း
မောင့်ကိုအနားမှာရှိနေစေချင်တဲ့ဆန္ဒ
ဘယ်လိုမှပြောမထွက်ပါဘူး
ဝေးသွားရမလားဆိုတဲ့စိုးရိမ်စိတ်တွေက.....။

မောင် ......
မောင့်အတွက်နဲ့အရာရာကိုပေးဆပ်
မောင်အလိုရှိရာ အသုံးတော်ခံဖို့
တကယ်အဆင်သင့်ဖြစ်နေခဲ့ခြင်းက
တကယ်မြတ်နိုးတဲ့ ချစ်စိတ်တခုတည်းကြောင့်.....။

မောင် .....
အရာရာဟာ မောင့်ကြောင့်စိုပြေလာစေခဲ့တာ
တနေ့နေ့ဆိုတဲ့အချိန်ကာလတခု
ပျော်ရွှင်စရာတွေအဖြစ်ပဲဖန်တီးပေးဖို့ 
တိတ်တခိုးဆုတောင်းခဲ့ခြင်းတွေက
ဒီရင်မှာပူလောင်လို့  ရူးမတတ်ပါ မောင် ....။

ပျံသန်းသွားလိုက်ပါတော့


နားလည်ပေးချင်ပါတယ် ဒါပေမဲ့
ဘယ်လိုနားလည်ပေးရမလဲ
ငါကိုယ်တိုင်တောင်မသိခဲ့လို့ 
အချစ်ဆိုတာလောဘတွေပြည့်နှက်နေတဲ့
စီးပွားရေးဈေးကွက်တခုလား .....

မင်းကို လောဘတကြီး လက်ဝါးကြီးအုပ်
ချုပ်နှောင်မထားချင်တော့ပါဘူး
နှလုံးသားမှာ အချစ်တွေယိုထွက်တတ်တဲ့
အပေါက်လေးတွေရှိတယ်ဆိုတာ
ငါသိလိုက်ရပါပြီ ချစ်သူ....

အိပ်မက်လေးတွေအဆက်မပြတ်
မက်နေခဲ့မိတာတော့အမှန်ပါ
ဒါပေမယ့် အိပ်မက်ဆိုတာ
မီးခိုးငွေ့လေးလိုဘဲ ပျံ့လွင်းသွားတတ်တယ်လို့
ငါသဘောထားလိုက်ပါတော့မယ် ချစ်သူ...

ငှက်ကလေးလို ပျံသန်းနေချင်တဲ့ မင်းကို
ငါချုပ်နှောင်မထားချင်တော့ပါဘူး
မင်းပျံလိုရာပျံသန်းသွားပါတော့ ....

မင်းအတွက်ပျော်စရာ လှောင်အိမ်လေး
မဆောက်ပေးသေးနိုင်တဲ့ ငါ
ဝမ်းနည်းစွာနဲ့ ပဲ
မင်းရဲ့ကျောပြင်လေးကိုငေးကြည့်ပြီး
ကျန်ခဲ့ပါတော့မယ် ချစ်သူ....


လက်ကလေး


နေရစ် ကျန်ရစ်ခဲ့ရတော့မှာလား

အဝေးဆီမှာထားခဲ့တော့မှာလား

မာယာတွေများလှတဲ့

အပြာရောင်အချစ်ပင်လယ်ကြီးထဲ

ငါ့နှလုံးသားခမျာ ချိနဲ့ချိနဲ့ နဲ့

ကယ်တင်ရှင်လေး မေခလာ

လာအုံးမလားဆိုတဲ့မျှော်လင့်ချက်လေး

ရင်ဝယ်ပိုက်လို့ အားတင်းကူးခတ်နေရပြီ

မလာဘာနဲ့တော့ မလိုချင်တော့ဘူးလို့

အော်ငိုပြောလိုက်ချင်ပေမယ့်

မေခလာ လက်ကလေးအလာကို

တိတ်တခိုးမျော်နေမိသူပါ။

မလွယ်ဘူးဆိုတာသိပေမယ့်

မျော်လင့်နေမိခဲ့တာ ငါမိုက်မဲတာလား

ဘာပဲဖြစ်ဖြစ် အလွမ်းရဲ့ကျွှန်းလေးထဲမှာ

မေခလာ ကမ်းလက်ကလေးကို

ငါသေသွားတဲ့အထိ

မျော်နေရှာဦးမယ်....။




အလွမ်းဒဏ်


အလွမ်းတွေမလိုချင်ပေမဲ့ ၀င်ဝင်လာတတ်တယ်
ကံကြမ္မာကြောင့်လား
စက္ကန့်နဲ့အမျှ လွှင့်မျောနေတတ်တဲ့
ငါ့ရဲ့စိတ်ကလေးတောင် အခုဆို
လွမ်းတယ်ဆိုတဲ့အခန်းလေးထဲ ပိတ်လှောင်လို့ 
အချစ်ဆိုတာ အလွမ်းရဲ့ မိခင်ဘဲလို့တောင်ဆိုလိုက်ချင်ပြီ
တကယ်ဆို ဒီလိုမဖြစ်သင့်ဘူးလို့ ပြောကြအုံးမှာလား
ငါ့အတွက်တော့ အချစ်ဟာအလွမ်းရဲ့မိခင်
အချစ်ကြောင့်ငါ့ဆီ အလွမ်းတွေမခေါ်ဘဲဝင်လာ
အခုဆိုကျဉ်းမြောင်းတဲ့ငါ့နှလုံးသားထဲ
အလွမ်းတွေက ဟိုနားဒီနား
ပြည့်လျှံနေအောင်နေရာယူလို့ 
အလွမ်းတွေကိုမလိုချင်ဘူးဆိုပေမယ့်
ငါ ဘယ်သူ့ ကိုသွားပေးရမှာလဲ
ဘယ်မှာသွားထားရမှာလဲ
လေးလံနေတဲ့ ငါ့နှလုံးသားလေးကို
သနားလှည့်ပါတော့လား ချစ်သူ။


Tuesday, April 8, 2008

ပိတောက်ပွင့်တွေနဲ့ နူတ်ဆက်ပါတယ်


ငါသိပ်ချစ်တာသိလျက်နဲ့  ဘာရယ်ကြောင့် မင်းလေးငါ့ကို
ချန်သွားခဲ့ရတာလဲ... မင်းလေးမရှိတော့ အားငယ်စိတ်တွေ
မှိန်ရီပျော့ပြောင်းသွားတဲ့ ဒီမျက်ဝန်းအကြည့်တွေ သွေ့ 
ခြောက်သွားတဲ့ ဒီနူတ်ခမ်းလေးတွေ ၀ိုးတ၀ါးဖြစ်သွားတဲ့
ငါ့ရဲ့ အနာဂါတ်တွေ မင်းမရှိတော့ ကူညီဖြေရှင်းပေးမဲ့ သူ
တကယ်မဲ့ခဲ့ရပြီ ချစ်သူရေ

တကယ်ဆို အချစ်အတွက်ဆိုရင် အမြဲတမ်းကို ကံဆိုးခဲ့
ရတာတွေချည်းပဲ ကြမ်းတမ်းသွားခဲ့တဲ့ မင်းစကားလုံးအောက် တနုတ်နုတ်ကျေမွသွားတဲ့ ဒီအသဲနှလုံးတခု
မင်းအတွက်ဆို ပန်းခင်းလမ်းလေးတခုအဖြစ် ချခင်းပေးဖို့ အဆင်သင့်ဖြစ်နေဆဲ မျက်ရည်များနဲ့  ချခင်းပေးခဲ့
ငါ့အချစ်တွေအားလုံး မင်းအတွက် ပန်းခင်းလမ်းလေးတခုအဖြစ်.. ငါ့နှလုံးသားလေးကို ငါသနားမိပေမယ့် ဘာမဆို မင်းအတွက်ဆိုတာချည်းမို့  အရူးတယောက်လိုပဲ မင်းအလိုကျ ကျရူံးနေဆဲ ငါ့နှလုံးသားကိုစတေး
မင်းပျော်နိုင်မယ်ဆိုရင် မင်းသွားရာရင်ခွင်သစ်ဆီကိုတောင် ငါ့နှလုံးသားလက်ဖွဲ့ တခုအဖြစ်ပေးဦးမယ်
ငါ့အချစ်တွေကို မင်းကိုစောင့်ရှောက်ဖို့ ထည့်ပေးလိုက်ဦးမယ်.. .... (ဆက်ရန်ရှိသည်)

*************************************************************

ကြယ်စင်လေးရဲ့ သူငယ်ချင်းများရှင်... အခုဆိုရင် သင်္ကြန်ခါလည်းရောက်တော့မှာမို့  အလုပ်တွေလည်း ရူပ်
တော့မှာမို့  (သင်္ကြန်မှာသွားကဲဖို့ ) ဘလော့မှာလာပြီး ပိုစ်အသစ်တွေ မတင်ဖြစ်ခဲ့ရင်တော့ စိတ်တော့
မဆိုးပဲနဲ့  ကြယ်စင်လေးရဲ့ ဘလော့ကိုမလာပဲနဲ့ တော့ မနေကြပါနဲ့ ။ အားလုံးကိုလည်း ကိုယ်ချင်းစာပါတယ်
ဘာလို့ လဲဆိုတော့ အားလုံးလဲ ပျော်နေကြမယ် သွားကဲကြမယ်ဆိုတော့ ကြယ်စင်လေးလည်း သစ္စာရှိရှိ
နဲ့  မသွားလည်ပါဘူး (အတူတူပေါ့)။ ပျော်ပွဲတွေ ကုန်သွားရင်တော့ ပြန်လာခဲ့ဦးမှာပေါ့နော်...

Tuesday, April 1, 2008

ဘယ်သူ့အတွက်ဖြစ်ခဲ့တာလဲ


တချိန်ချိန်မှာရနိုင်ကောင်းပါရဲ့

တမ်းတခဲ့ရ မင်းအချစ်တွေလည်း

တကယ်ဆိုတော့ဘယ်သူ့အတွက်များ

မင်းကသိမ်းဆည်းပေးခဲ့တာလဲ….။

မဝေးချင်ဘူး မဝေးရဲဘူးဆိုကာမှ

အဆက်ဖြတ်ကာအဝေးကိုသွား

မျှော်လင့်ခဲ့ရမင်းဘက်ကတုန့်ပြန်မှု

တကယ်ဆိုတော့ဘယ်သူ့အတွက်များ

မင်းကဖြည့်ဆည်းပေးဖို့လည်း….။

မလွမ်းချင်ဘူး မလွမ်းရဲဘူးဆိုကာမှ

အလွမ်းတွေပေးကာကျောခိုင်းသွားသူ

တမ်းတခဲ့ရမင်းရဲ့ရင်ခွင်လေးတခု

တကယ်ဆိုတော့ ဘယ်သူ့အတွက်များ

မင်းချန်ထားပေးခဲ့တာလဲ….။

အိပ်မက်လားအဖြစ်အပျက်အစစ်လား

တကယ်ဖြတ်သန်းခဲ့ရနေ့စွဲတွေမှာ

အလွမ်းများစွာနဲ့အလူးအလှဲကျန်ရစ်ခဲ့သူက

ငါတယောက်တည်းပါ ချစ်သူ….။

ဆုပ်လည်းစူး စားလည်းရူး


ငယ်ငယ်ကတော့ စူးတွေစူးမှာဆိုးလို့ ကျမအင်မတန် ကြိုက်နှစ်သက်ခဲ့တဲ့
နှင်းဆီပန်းနီနီ လှလှလေး တွေကို တောင် ကိုယ်တိုင်မခူးခဲ့ဘူး။ ဘာဖြစ်လို့
လဲဆိုတော့ ကျမကိုယ်တိုင် စူးတွေ ဆူးပြီးရင် နာကျင်သွားတဲ့ နေရာ လေး
ကို ကြည့်ပြီး ရင်ထဲမချိဘူး။

တခဏတာလေးအတွက် နာကျင်စေတယ်ဆိုပေမယ့် ကျမတကယ်ကို
ရှောင်ရှားခဲ့သူပါ။ အယ်… နောက်တမျိုးကတော့ အရူးပေါ့…။ အရူးဆိုရင်
ကျမငယ်ငယ်တုန်းက သိပ်ကိုသနားပြီး တော့သိပ်ကို လည်းကြောက်ပါ
တယ်။ ကျမတွေ့ဖူးနေတဲ့ ရူးသွပ်သွားတဲ့အမျိုးသမီးတွေဆို သိပ်ကိုသ
နားဖို့ကောင်းတယ်။ ကျမငယ်ငယ်တုန်းက ရူးသွားမှာကိုသိပ်ကြောက
်တယ်၊ ကျမ ရူးသွားရင် ကျမကိုလူတွေက ၀ိုင်းဟားမှာ ၀ိုင်းလှောင်ကြ
မှာ ၀ိုင်းရီကြမှာ ကလေးငယ်တွေက အရူးမကြီးဆိုပြီး လာစကြမှာ ခဲ
တွေနဲ့ဝိုင်းပစ်ကြမှာ ကျမသိပ်ကို ကြောက်ခဲ့ဖူးတယ်။

ဒါပေမယ့် အခုလက်ရှိ ကျမခံစားကြုံတွေ့နေရတဲ့ဘ၀ဟာ တကယ်ကို
စူးလည်းစူးပြီးရူးရမဲ့ အဖြစ်ပါ။ ဒါက ကျမတယောက်တည်းခံစားနေရ
တာမဟုတ်ဘူးနော်..ရာခိုင်နူန်းများစွာသော မြန်မာပြည်သူပြည်သား
တွေရဲ့ဘ၀ပါ။

နေစရာမြေမရှိလို့ရောက်လာရတဲ့သူတွေ၊ ဆက်နေရင် အသက်သေ
မယ့်သူတွေခေါင်းငုံ့ခံနေရင်းခေါင်းဖြတ်ခံလိုက်ရမဲ့သူတွေ၊ ဘယ်သူ့
ကိုအမိ ဘယ်သူ့ ကိုအဖ ခေါ်ရမယ်မှန်းမသိတဲ့ အခြေအနေတွေ ဒီလို
ဒီလို အကြောင်းအရာ အခြေအနေမျိုးစုံနဲ့ အဆင်ပြေမလားလွတ်များ
လွတ်မလား အေးအေးဆေးဆေးများနေရမလား ပူပင်စရာမလို ငြိမ်း
ငြိမ်းချမ်းချမ်းနေနိုင်မယ် ဒီလိုမျှော်လင့်ချက်ပေါင်းများစွာနဲ့ သူများနိုင်ငံ
တွေဆီကမျက်နှာငယ်ခံပြီးရောက်ရှိလာသူတွေ ထဲမှာ ထိုင်းနိုင်ငံကို
ရောက်လာတဲ့ မြန်မာပြည်သူပြည်သားတွေအဖို့ အခုလိုအခြေအနေမျိုး
မှာ တကယ်ကို ဆုပ်လည်းစူး စားလည်းရူးရမယ့်အခြေအနေမျိုး ရောက်
နေပြီပဲ။

ပြောင်းလဲပြီး အသစ်တင်ရောက်ရှိလာတဲ့ ၀န်ကြီးချုပ်အသစ်လက်အောက်
မှာရှိတဲ့ မူဝါဒတွေကတကယ့်ကို မြန်မြာ့ပည်သူပြည်သားတွေအတွက် အ
ခက်အခဲအကျပ်အတည်းအခြေအနေမှာ။ အခုလည်းကြည့်လေ မြန်မာနိုင်
ငံရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ အခြေအနေ အမျိုးမျိုး
ကြောင့် ထိုင်းနိုင်ငံကိုရောက်နေတဲ့လူတွေဘယ်လောက်ထိ အိပ်ရေးပျက်
ညတွေ များနေပြီလဲ။ ဘယ်အချိန် ရုံးထဲကိုဝင်လာပြီးလာစစ်မလဲ ဖမ်းမလဲ
ဘယ်အချိန် ဘယ်နေရာ ရုံးက ၀န်ထမ်းတဦးဦးကိုလမ်းပေါ်ကနေ ဆွဲခေါ်
သွားမလဲ။

အချုပ်ခန်းကနေ အရင်ကလို လာဘ်ထိုးပြီး ကိုယ့်လူကိုယ်ပြန်ထုတ်လို့မ
လွယ်ကူတော့တဲ့အခြေအနေမှာ တစုံတယောက်ကသာ ဖမ်းမိသွားရင် မီး
ခိုးကြွက်လျောက်အားလုံးပါသွားနိုင် တယ်။ ဒီမှာက ကိုယ့်မြန်မာနိုင်ငံရေး
အတွက်သာ တက်တက်ကြွကြွလုပ်နေပေမယ့် တကယ့် တကယ် ကျမတို့
ရဲ့ဘ၀တွေက တကယ်ကိုအာမခံချက်မရှိပါဘူး။

ကိုင်ထားတဲ့ မြန်မာနိုင်ငံကူးလတ်မှတ်ကလည်း အာမခံချက်မပေးဘူးလေ။
မလိုရင်မလိုသလိုမကျေနပ်ရင်မကျေနပ်သလို အားကိုးတကြီး နိုင်ငံကူးလတ်
မှတ်လေးပြပေးကာမှ အတုဆိုပြီးစွတ်စွဲချက်နဲ့ စုတ်ဖြဲပစ်လိုက်ရင်ရော ကျမ
တို့ဘာပြောနိုင်မှာလဲ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာအခြေစိုက်တဲ့ ကျမတို့
ကိုယ်ရွှေမြန်မာနိုင်ငံတော်ရဲ့ သံရုံးကရော ကူညီမယ်များထင်နေလား ဝေးပါ
သေးတယ်။ တခါတလေကြတော့လည်း အံ့သြမိပါရဲ့။

ဘာအကြောင်းပြချက် ဘာရည်ရွယ်ချက်နဲ့များ သံရုံးဖွင့်ထားပါလိမ့်။ သံရုံးက
ထိုင်းနိုင်ငံရောက် ကိုယ့်တိုင်းသူပြည်သားအတွက် ရပ်တည်မှုမရှိတဲ့အပြင်
သူတို့ကိုယ်တိုင်တရားဝင်ထုတ်ထားပေးတဲ့ ပိုက်ဆံဆိုလည်းသိန်းနဲ့ချီပြီး
လုပ်ထားရတဲ့ ဒီနိုင်ငံကူးလတ်မှတ်တောင် ရဲတွေက အတုလို့ ဟုတ်ဟုတ်
မဟုတ်ဟုတ် စွတ်စွဲခဲ့ရင်တောင် ကူညီမဲ့အစား အတုဆိုပြီး သံယောင်
လိုက်ပြီး စွတ်စွဲနေတာ။

ခံစားချက်လေးတခုတင်ပြခြင်လို့ ဝေဖန်တာမဟုတ်သလို မနာလိုတဲ့သ
ဘောနဲ့ပြောတာ လည်းမဟုတ်ပါဘူး။ အခုလက်ရှိ ထိုင်းနိုင်ငံမှာရှိနေတဲ့
နိုင်ငံရေးလှုပ်ရှားနေသူ ခေါင်းဆောင်ပိုင်းတချို့ကိုကြည့်လိုက်ပါ အနည်း
ဆုံး အခြားအာမခံချက်ရှိတဲ့ နိုင်ငံတခုခုရဲ့ နိုင်ငံသားတွေအဖြစ်ရပ်တည်
နေတဲ့သူတွေရှိပါတယ်။ တချို့ခေါင်းဆောင်များကတော့ ကျမတို့လို ပဲ
ပေါ့။ တကယ့်တကယ်အကြီးမှားဆုံး အခက်အခဲတွေနဲ့ရင်ဆိုင်ဖြေရှင်း
ရပြီ ပြေးရတော့မယ် ပုန်းရ တော့မယ်ဆိုရင်အာမခံချက်ရှိတဲ့လူတွေ
အတွက်က လေယျာဉ်လတ်မှတ် ဘွတ်ကင်ယူထား ယုံပါပဲ။

ကျမတို့လိုလူများ မဆွတ်မပွတ် ဟိုမရောက်ဒီမရောက် လှုပ်ရှားနေသူ
တွေအဖို့ လေယျာဉ်လတ်မှတ်မပြောနဲ့ တလတလ ရတဲ့စတိုင်ပင်လေး
နဲ့ ဘယ်လိုလောက်အောင်စားမလဲစဉ်းစားနေရတဲ့သူတွေကတော့ အဖမ်း
ခံမလား ဒီအတိုင်းပြေးလိုက်ပုန်းလိုက်လုပ်မလားဒါက ကျမတို့အတွက်
နည်းလမ်းပဲ။

ဟိုမရောက်ဒီမရောက်လုပ်နေပါဝင်နေပြီဆိုပေမယ့် မြန်မာပြည်ပြန်အပို့
ခံရရင်လည်း အင်းစိန်နဲ့ညားရမဲ့ အခြေအနေမှာ ဘာလုပ်သင့်သလဲ။
အခုဆို နေရာဒေသ ဒေါင့်မျိုးစုံ နည်းလမ်းပေါင်းစုံနဲ့  တရားမ၀င် မြန်မာ
ပြည်သူပြည်သားတွေကို နေ့စဉ်ရက်စက် လိုက်ဖမ်းဆီးနေပြီ။မိသွားလို့
ထောင်ချလိုက်ရုံဆိုမကြောက်ပါဘူး။ မစိုးရိမ်ပါဘူး။ အတင်းအဓမ္မမဓိမ်း
ကျင့်ပြီးသတ်ပစ်လိုက်မှ ဟုတ်ပေ့ဖြစ်သွားမဲ့ မိန်းကလေးတွေရဲ့ဘ၀လေ။
လုံခြုံရေးကလည်းမရှိကိုယ့်တိုင်းပြည် လည်းကိုယ်ပြန်လို့မရတော့တဲ့အ
ခြေအနေမှာ ကျမတို့ဘ၀က တကယ်ကိုဆုပ်လည်းစူး စားလည်းရူးမဲ့အခြေ
အနေမျိုးပေါ့။

ကျမနဲ့တနေ့တာ


ဟူး … လေပူတချက်ကိုမုတ်အထုတ် ချလိုက်မိတဲ့သက်ပြင်းရှည်ကြီးတချက်
ခြေကုန်လက်ပန်း ကြစွာပဲ တနေ့တာပူလောင်လွန်းတဲ့ ဒီရာသီဥတုကို ဖြတ်
ကျော်ရမှာကို ရင်လေးနေမိတယ်။

တကျစ် ကျစ်နဲ့အော်မြည်နေတဲ့ အကောင်တွေ သူတို့လည်းပဲ ပူလောင်လွန်း
လို့ထင်ပါရဲ့။ ဒီလိုအချိန်မျိုးမှာ မိုးတပြိုက်လောက်သာရွာချလိုက်စမ်းပါ တ
ကယ်အေးချမ်းသွားလိုက်မဲ့ဖြစ် ခြင်း။ အခုအခြေနေကတော့ ပူလွန်းလို့ ရေကို
ပဲဖိသောက် ရေကလည်းသောက်ပါများတော့ တန်ပြန်တုန့်ပြန်မှုကလည်း
မကြာပါဘူး သန့်စင်ခန်းနဲ့ ကန်ထရိုက်စွဲထားသလား ထင်ရ တယ်။

ဒီလိုအခြေအနေမျိုးနဲ့ ဘယ်အရာကို သွားပြီးအာရုံစိုက်နိုင်မှာလဲ။ တော်တော်
စိတ်ပျက်ဖို့ ကောင်းတဲ့အထဲ အလိုက်မသိတတ်တဲ့လူတွေဆီကနေ ရောက်
ရောက်လာတဲ့ ဖုန်းခေါ်သံ နာဝင်ပီယံမချိုနိုင်လောက်တဲ့ဖြစ်ခြင်း။ လိုရင်းတို
ရှင်းမပြောပဲ မြန်မာစကားနှစ်လုံးထဲနဲ့ မိုးလင်း အောင်ပြောမဲ့သူမျိုးနဲ့တွေ့
ရင် ကိုင်ထားတဲ့ဖုန်းကို အားရပါးရ လွင့်ပစ်လိုက်ချင်ရော။ ဒါပေမယ့် ၀ယ်
ထားတဲ့ဖုန်းကလည်း သိပ်မကြာသေး ဈေးကလည်းနည်းနည်းကြီးသေးဆို
တော့ စိတ်သွားတိုင်းကိုယ်မပါနိုင်ပဲ ဒီလိုပဲ အောင့်ကာသီးကာ ဆက်ပြော
ပေါ့။ ဘာတတ်နိုင်မလဲ။ အရိပ်ပြလို့မှ အကောင်မမြင်နိုင်တာ။

“အူမတောင့်မှသီလှစောင့်တယ်ပြောပြော” ဒီလိုအခြေအနေမျိုးမှာ အဲယား
ကွန်းတလုံးလောက် ရှိရင်သိပ်ပြီးအဆင်ပြေမှာလို့ စိတ်ကူးတွေယဉ်ဖူး
တယ်။ ၀ယ်ဖို့ဆိုတာက ရှိတဲ့ပိုက်ဆံ မုန့်ဖိုး တွေအားလုံးပုံအောထား စား
စရာတပြားမှမကျန်အောင် ပုံအောထားဦး ရှိတဲ့ပိုက်ဆံက အဲယား ကွန်း
အနံ့လေးတောင်မရူနိုင်ဘူးဆိုတော့ ဒီအတွေးလေးတွေကိုလည်း လက်
လွတ်လိုက်ရပြန် ရော။ ဘယ်လောက်ပဲ ပြည်သူအရေး နိုင်ငံအရေး
အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ် တယ်ပြောပြော တခါတလေ
ကြတော့လဲ ကောင်းကောင်းမွန်မွန်နဲ့ အေးအေးဆေးဆေးဘ၀ ကိုတခါ
ခါ မက်မောတတ်ကြပြန်ရော။ ဒါကြောင့်လဲ ပြင်ပမှာတောင် အာဏာ
ပြိုင်ပွဲတွေဖြစ်လာ စေတဲ့အကြောင်းအရင်းတချက် ထင်ပါရဲ့။

မက်မောတတ်တာကိုမပြောနဲ့လေ ကျမတို့မြန်မာရဲ့စစ်အစိုးရတောင် စည်း
စိမ်တွေပေါ်ယစ်မှူး နေလို့ တော်လှန်ရေးကြီး အဓွန့်ရှည်နေတာကလည်းမ
ပြောပါနဲ့တော့။ ကျမကတော့ ဒီတော် လှန်ရေးကြီးအဓွန့်ရှည်ကြာရှည်နေ
မှာကို နောက်ထပ်ဘယ်လိုနည်းနဲ့မှမလိုလားနိုင်တော့။ ပြန်ချင်ပါပြီ ကျမကို
မွေးဖွားခဲ့တဲ့ဇာတိမြေ။ မြင်ချင်ပါပြီ တကြိမ်တခါမှ မြင်တွေ့ခွင့်မရခဲ့တဲ့ ဆွေ
မျိုးတွေ ညီကိုမောင်နှမတွေ။ အယ်… တချို့များကြတော့ တော်လှန်ရေးကြီး
အမြန်ပြီးဆုံး ပါစေ။ ပြည်သူတွေအမြန်ဆုံး စစ်အစိုးရလက်အောက်က အမြန်
ဆုံးလွတ်မြောက်နိုင်ပါစေ ဆိုပြီး စွမ်းစွမ်းတမံ လုပ်ဆောင်နေကြပေမယ့်
တကယ့်တကယ်ဆို တော်လှန်ရေးကြီး ပြီးဆုံး သွားရင် ဘုံပျောက်သွားမှာ စား
ကျက်ပျောက်သွားမယ့်သူကလည်း မနည်းလှဘူး။ ဒါပေမယ့် မသိသာနိုင်လှ
အောင်လည်း ဟန်ဆောင်ကောင်းတတ်ကြတဲ့လူတွေလေ။

တချို့တချို့ကြတော့လည်း တော်လှန်ရေးကြီးအတွက် တနိုင်ငံလုံးအတွက်
စွန့်လွတ်ရ တိုက်ပွဲဝင်ရ အသက်ကိုပါစတေးရတဲ့အထိ လုပ်နေကြပြန်ရော။
ဘယ်လိုလူမျိုးတွေပဲ ရှိရှိ ဖြစ်ဖြစ် သေချာတာကတော့ ကျမက ဘယ်တော့မှ တော်လှန်ရေးကြီးအဓွန့်ရှည်ပါစေလို့ လူမှန်းသိတတ်စအရွယ်ကတည်းက
ဆုမတောင်းခဲ့ဖူးဘူး။ အခုလည်းမတောင်းသလို နောက်လည်း တောင်းဦးမှာ
မဟုတ်ပါဘူး။

အော်… ပူလောင်းပြင်းပြတဲ့နေအောက်မှာတောင် ပျားပန်းခတ်အောင် သွား
လာလှုပ်ရှားနေတဲ့ လူတွေကို အတိုင်းတာ ကျမမြင်နေရတယ်။ သူတို့တ
ယောက်စီတိုင်းရဲ့မျက်နှာပေါ်မှာ မလို လားအပ်တဲ့၊ စိတ်ညစ်စရာတွေ ပင်ပန်း
နွမ်းနည်မှုတွေ ပြုံးပျော်ရွင်မှုတွေ တယောက်နဲ့တ ယောက်မတူညီသလို သူ
တို့ရဲ့တကယ့်အတွင်းစိတ်က ဘာတွေများဖြစ်နိုင်မလဲဆိုတာကိုတော့ ကျမ
တကယ်မသိသလို ဆက်ပြီးမစဉ်းစားရင်ကောင်းမယ်လို့ဆုံးဖြတ်ချက်နဲ့အ
တူ နောက်ဆုံး လက်ကျန် ဖန်ခွက်ထဲကရေလေးတမော့ကို အားရပါးရ မော
့သောက်ပြီး လက်ကျန်ရေမရှိတော့ တဲ့ဖန်ခွက်တခုလို ကျမရဲ့အတွေးများ
ကိုလည်း လက်ကျန်မရှိတော့လောက်အောင်ကို အဆုံး သတ်လိုက်မိတယ်။

"Magical Template" designed by Blogger Buster