Wednesday, February 27, 2008

ကျမနဲ့  1988



1988 လို့ ပြောလိုက်ရင် သြဂုတ်လ 8 ရက်နေ့ ဟာ မြန်မာပြည်သူလူထု တရပ်လုံး မမေ့နိုင်တဲ့ နှလုံးသားထဲမှာ စွဲထင်နေတဲ့ နေ့ ရက်အဖြစ်အပျက် လေးတခု၊

မိန်းကလေးတယောက့့်  1988 ဂျူလိုင် 2 ရက်နေ့ မှာ စတင်ပြီး လူ့ လောကအ လယ်ကိုရောက်ရှိလာသူလေးပေါ့၊ ဒါပေမယ့် ဘ၀တခုက မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးပြင်းခွင့်မရသလို ပါမုန့် ထောပတ်စားပြီး ပညာတွေကောင်း ကောင်းသင်ခွင့်ရတဲ့ အခွင့်အရေးအပြည့်အ၀ရတဲ့ နိုင်ငံကြီးတွေမှာလည်း ကြီးပြင်းခဲ့တာမဟုတ်ဘူ့း့ ၊

စနစ်ဆိုးတခုရဲ့လက်အောက် လူမဆန်တဲ့ စစ်ဘီလူးတွေရဲ့ အမိန့် တွေအောက် မှာ လူမဆန်စွာပဲ တတောဝင်တတောင်ထွက် ငတ်တခါပြတ်တလှဲ့  စားစရာ ထမင်းမရှိ၊ သောက်စရာ ရေမရှိတဲ့ဘ၀မှာ အလင်းမရှိ အမှောင်အတိဘ၀ကို ဖြတ်ခဲ့ရတယ်။ အဲ့ဒါ ကလေးငယ် တယောက်ရဲ့ အနာဂါတ် နမိတ်ပုံတွေလား။

နိုင်ငံတနိုင်ငံရဲ့ အနာဂါတ်ကိုသိချင်ရင် စာသင်ခန်းထဲကိုသွားကြည့်လို့  ကြားဖူးတယ်။ ဒါပေမယ့် စာသင်ခန်းမဲ့ သစ်ပင်အောက်မှာ ဖြစ်သလို စာသင်ရတဲ့ဘ၀တွေကိုလာကြည့်လိုက်စမ်းပါ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ အနာဂါတ်ကို ခန့် မှန်းဖို့ လာကြည့်လိုက်ပါ။

အားငယ်နေတဲ့ ကျမတို့ ရဲ့မျက်လုံးတွေ၊ ဒီနေ့ ဘာစားရမလဲ၊ ဘယ်သူကလာပြီးစာသင်ပေးမလဲ ဘယ်အချိန် အသက်လွတ်ပြီး ပြေးရမလဲ၊ ဘယ်တော ဘယ်တောင်မှာ ပုံးရင် လုံခြုံမလဲ၊ ဒါတွေက ကျမတို့ နိုင်ငံ စနစ်တခုက ဖန်တီးပေးတဲ့ ကျမတို့  အနာဂါတ်မျိုးဆက်သစ်လူငယ်တွေအတွက် မနက်ဖြန်တွေလား၊ ဒါဆို တရားပါသလား။

“အမေကမွေး ထောင်ကကြွေး” သလို မြန်မာပြည်မှာမွေး ဒုတ်ခသည်က ကျွှေးပေါ့။ 88 မှာ တစ်လသားအရွယ် မိန်းကလေးတယောက်က အခု အသက် 20 ပြည့်တော့မယ်။ အဲ့လိုပဲ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ပွဲဝင်နေတဲ့ နှစ်လတွေကလည်း အခုဆိုရင် နှစ် 20 တင်းတင်းပြည့်တော့မယ်။

88 မှာမပါဝင်ခဲ့ရပေမယ့် သူမအခု နိုင်ငံရေးပြောင်းလဲမှုတခုအတွက် တဖက်တလမ်းကနေ ပါဝင်နေတယ်။ “နိုင်ငံရေးအလုပ်က မိန်းကလေးအလုပ်မဟုတ်”လို့ ပြောဆိုသမုတ်ကျတဲ့ တချို့ လူတွေရဲ့အပြော။ “ဒီမိုကရေရအောင်အရင်လုပ်ပါဦး အမျိုးသမီးရေးက နောက်မှလုပ်ပေါ့” ဆိုတဲ့ အမြင်မျိုးနဲ့  လူတွေရဲ့ကြား။ "Do it whatever you want but not in my back yard" ဆိုတဲ့ လူတွေရဲ့ကြား၊

အခုကျမ လွယ်လွယ်နဲ့ မတုန်လှုံ့ တော့ပါဘူး၊ ကျမလုပ်သင့်တာကို လုပ်တတ်နေပြီ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးနေရတဲ့ဘ၀မှာ အခုထက်ထိ ကျမရဲ့ ဘ၀ကို ဖြေသိမ့် အားငယ်ဖြေလျော့နေတဲ့ မျက်ဝန်းအိမ်ထဲကအကြည့်တွေနဲ့ မျက်ဝန်းများ။ ခန်းချောက်ခြင်းမဲ့ စီးဆင်းနေတဲ့ မျက်ရည်ချောင်းများနဲ့ မျက်ဝန်းများ။ ဝေဒနာဒဏ်ရာတွေကို ရင်ဝယ်ပိုက် ဖြေသိမ့်အပြုံးတွေနဲ့  နာနာကျင်ကျင်ပြုံးလိုက်တဲ့ ကွဲရှရှ မျက်ဝန်းများ၊ အဲ့ဒီမျက်ဝန်းပိုင်ရှင်ဟာ ကျမတယောက်အပါအ၀င်ဖြစ်ခဲ့သလို ကျန်သော မျက်ဝန်းပိုင်ရှင်များအတွက် ကျမတခုခုကို လုပ်ပေးသွားပါဦးမယ့့်  ။

0 comments:

"Magical Template" designed by Blogger Buster