Monday, March 24, 2008

ဆုံမှတ်လေးတခု

ထမီလုံခြည်ပါးကွက်ကြားလေးတွေနဲ့ ဟိုဟိုဒီဒီ အပြေးအလွား ပြားပန်းခတ်အောင် အလုပ်အတွက်ရုန်းကန် လှုပ်ရှားနေသူတွေ… လက်ဖက်ရည်ကို ဇိမ်ဆွဲပြီး အရသာခံသောက်နေတဲ့သူ တွေ… ကွမ်းယာကိုတမြုံ့ မြုံ့ ဝါးပြီး အလုပ်အကြောင်းတွေ၊ အဆင်မပြေမှုတွေ၊ အလာပသလပပြောဆိုနေသူတွေ … ဆေးဆိုးပန်းရိုက် မျက်နှာ လေးတွေနဲ့ လှပဆန်းသစ်နေတဲ့ အမျိုးသမီး လေးတွေ ဒါတွေဟာ မြန်မာပြည်အလားမှတ်ထင်ရအောင် ကျင်လည်ကျက်စားနေတဲ့ ကျမတို့  မြန်မာပြည်သားတွေ တရုတ်နပ်စပ်တခုရဲ့ မရိုးအီနိုင်လှစွာသော မြင်ကွင်း လေးတခုပေါ့။

ကားဟွန်းသံတွေအဆက်မပြတ် အော်မြည်ဆူညံနေတဲ့ကြား လမ်းလျှောက်သွားရတာကို ကျမ နှစ်သက်တယ်.. ရာသီဥတုလေးကတော့ အရမ်းအေးပြီး အရမ်းပူတဲ့နေရာမဟုတ်တဲ့အတွက် ဖြစ်မယ်… ပြီးတော့ ကျမတို့ နေထိုင်လှုပ်ရှားနေရတဲ့ ထိုင်းနိုင်ငံလိုနေရာမျိုးထက်စာရင် အရမ်းကိုလွတ်လပ်ပါတယ်…. ထိုင်းမှာဆိုလမ်း လျှောက်ပြီဆိုတာနဲ့ ပထမဦးဆုံး ရင်ဆိုင်တွေ့ ကြုံရ မှာ အရွယ်အစားမျိုးစုံနဲ့ ခွေးပေါင်းစုံ … နောက်ဒုတိယ ကတော့ နေရာတကာမှာ ပေါ်ပေါ်လာ နိုင်တဲ့ ထိုင်းရဲတွေပဲ။ ထမီလေးသာ ၀တ်ပြီးလမ်းထပ်လျှောက်ကြည့်ဦး သေချာတာကဘတ်ဘယ်လောက်နဲ့တော့မသိဘူး ကံကောင်းရင်တော့ အချုပ်ခန်းနဲ့ ညားရင်ညား မညားရင် တော့ မြန်မာပြည်ကို ခွေးလိုဝက်လိုပြန်ပို့ ခံရပြီသာမှတ်….

ထိုင်းကိုတရားဝင် လာတာပဲဖြစ်ဖြစ်… တရားမ၀င် ၀င်ရောက်လာတာပဲဖြစ်ဖြစ် အလိုလိုနေရင်း တရားမ၀င် ဘ၀ကိုရောက်သွားရော… မြန်မာပြည်က တန်ဖိုးကြီးလှတဲ့ နိုင်ငံကူးလတ်မှတ် ကို ကိုင်ကိုင် သူတို့ စိတ်မထင်ရင် မထင်သလို အတုဆိုပြီး ဆွဲဖြဲလို့ ရတဲ့အခြေအနေ… မြန်မာနိုင်ငံ ကူးလတ်မှတ်နဲ့ သူများနိုင်ငံသွားကြည့် အထင် သေးပြီးကြည့်တဲ့ မျက်လုံးတွေ စိတ်အားငယ်မှု တွေဟာ ကိုယ့်ကို ဟိုးအဝေးအောက်ခြေတခုကိုတွန်းပို့ နေသလို ပါပဲ… ဒါပေမယ့် ကျမတို့ မှာဘာပြောခွင့်ရှိမှာလဲ… ဒီလိုဖြစ်ရတာက ကျမတို့ ကိုယ်ရွေမြန်မာနိုင်ငံရဲ့ အစိုးရက သိပ်ကိုအား ကိုးလောက်တာကိုး…

ဆိုဖာပေါ်မှာအကျအနထိုင်ပြီးပြည်သူတွေအကြောင်းကို စိတ်မ၀င်စားတဲ့လက်အောက်မှာ လူဖြစ်ရတာ တခါ တ လေကိုယ့်ကိုကိုယ်ရင်နာမိတယ်…. ဒါပေမယ့် ဘာတတ်နိုင်မလဲ ရှိတဲ့ဘ ၀ကိုပဲ ကျေနပ်နေရ တာ ပေါ့…ကိုယ့် တိုင်းပြည်ထဲက ပြည်သူတွေ ဘယ်လောက်အထိ သူများနိုင်ငံမှာ မျက်နှာငယ်စွာနဲ့  စွန့် စွန့်စားစားရောက်နေ ရလဲ… ဘာလို့ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကိုစွန့်ခွာပြီးတော့ နေထိုင်နေကြရလဲဆိုတာ မမြင်ချင်ဟန် မကြားချင် ဟန်ဆောင်နေခဲ့တာ…

အခုလည်းကြည့်လေ… မြန်မာပြည်မှာ နေထိုင်ကြီးပြင်းခွင့်မရခဲ့သူ ကျမကိုယ်တိုင် အခုလက် ရှိရောက်ရှိနေတဲ့ နေရာဟာ ကိုယ့်မြန်မာနိုင်ငံကြီးလို့ တောင်ထင်နေမိတယ်…. ရင်ထဲမှာ ၀မ်း နည်းတာလား ကိုယ့်မြန်မာ ပြည် သားတွေနဲ့ တွေ့ ခွင့်ရလို့ ဝမ်းသာနေတာလား … လက်ရှိလူ တွေဖြတ်သန်းနေထိုင်နေရတဲ့ဘ၀ကို ရင်နာနေတာ လား ခံစားချက်အားလုံးပေါင်းစုစည်းနေလို့  အမည်နာမ တခုမဖော်တတ်တော့တာပဲဖြစ်ပါလိမ့်မယ်။

ညဘက်လမ်းလျှောက်ထွက်တော့လည်း လမ်းနံဘေးက ပျံကျညငှက်မလေးတွေရဲ့ ဆေးဆိုး ပန်း ရိုက်မျက်နှာ လေးတွေနဲ့  အိပ်တန်းတက်ဖို့ စောင့်နေကြတဲ့အလား သူတို့ အတွက် ဧည့်သည် တွေကိုစောင့်မျှော်နေကြရှာ တယ်… ဒါဟာ မြန်မာနိုင်ငံစနစ်စိုးလက်အောက်က ရရှိ လိုက်တဲ့ အခွင့်အရေးတခုနဲ့ အမွေအနစ်တခုလား… အဲ့ဒီမြင်နေရတဲ့ ပျံကျငှက်လေးတွေဟာ ကျမတို့ ရွေမြန်မာနိုင်ငံတော်ကြီးကမွေးဖွားပေးထားတဲ့ ငှက်ငယ် တွေပေါ့…. ဘယ်လောက်ရင် နာစရာကောင်းလိုက်တဲ့အဖြစ်လဲ…

ထောင်ပေါင်းများစွာသော မြန်မာပြည်သူပြည်သား ထဲမှာမှ ၁၈နှစ်အောက် မိန်းကလေးတွေရဲ့ ဦးရေဟာလည်း မနည်းလှပါဘူး။ ရည်ရွယ်ချက်မျိုးစုံ ရည်မှန်းချက်မျိုးစုံနဲ့ ဘ၀တခုလုံးကိုစ တေးပြီး ရောက်ရှိလာတဲ့ မိန်းကလေး တွေအများကြီးထဲမှာမှ တယောက်ကတော့

“သမီးက သိပ်ပညာတတ်ကြီးဖြစ်ချင်တာအမရယ်… ဒါပေမယ့် စီးပွားရေးအစဉ်မပြေလို့  အလယ်တန်းလောက် ကနေပဲ ကျောင်းထွက်လိုက်ရတာ… ကျောင်းတက်တုန်းက ပထမပဲ ရတာ…” ကျမနဲ့ သက်တူရွယ်သူ မိန်းက လေးတယောက်ရဲ့ အားတက်တရာပြောလိုက်တဲ့ သူ့ ရဲ့အနာဂါတ်ပါ…

ဒါပေမယ့် သူ့ ရဲ့အခုလက်ရှိလုပ်ကိုင်နေရတဲ့ အလုပ်အခြေအနေကို ပြန်ပြီး စဉ်းစားသွားမိ တယ်ထင်တယ်… တခဏခြင်းပြောင်းလဲသွားတဲ့ သူလေးရဲ့မျက်နှာ ခုနကလို ရွင်ပြပြီး တောက်ပမှုတွေမရှိတော့ပဲ အားငယ်ခြင်း တွေ… ဆုံးရူံးလိုက်ရခြင်းတွေ…သူဘာတွေခံစားနေရ ရှာမလဲ….

ဟိုးအဝေးတနေရာကိုလှမ်းကြည့်နေတဲ့ သူမရဲ့မျက်ဝန်းလေးတွေမှာ မျက်ရည်ကြည်လေးတွေစို့ လို့ …. ဟန် ဆောင်ပြီးပြုံးထားတဲ့ သူမရဲ့နူတ်ခမ်းလေးတွေဟာ ဟန်ဆောင်မှုမပီပြင်ပဲ တုန်ရီနေ ရှာတယ်… သူမကြည့် နေတဲ့တနေရာကို ကျမလိုက်ကြည့်မိတယ်… အကြည့်ချင်းတူနေခဲ့ပေ မယ့် သူမဘာတွေတွေးနေမလဲ… သူမရဲ့ အတွေး ကျမရဲ့အတွေးနှစ်ခု သီးခြားဆီဖြစ်နေမယ် ထင်ပါရဲ့ ….. ဒါပေမယ့် ကျမတို့ နှစ်ယောက်ရဲ့ အကြည့်လေး တွေက တနေနေရာ အရောက်မှာ တော့ ဆုံနိုင်ကောင်းပါရဲ့ …………..။

0 comments:

"Magical Template" designed by Blogger Buster